Wednesday, August 14, 2019
တန်ဖိုးရှိသော ရေသယံဇာတ
(Unicode)
ဤကမ္ဘာလောကအတွက် ရေသည်မရှိမဖြစ် လိုအပ်သော အရာများတွင် တစ်ခု အပါအဝင်ဖြစ်သည်။ အထူးသဖြင့် သက်ရှိ လူသားများအတွက် ထမင်းအသက် ခုနစ်ရက် ရေအသက်တစ်မနက် ဆိုသောစကားနှင့် အညီ ရေသည် လူသားတိုင်းအတွက် အရေး ပါလျက်ရှိသည်။
သဘာဝတရားက လူသားများ နေထိုင် အသက်ရှင်နိုင်ရန် မြေမျက်နှာသွင်ပြင် ရဝရာခိုင်နှုန်းကို ရေများဖြင့် ဖွဲ့စည်းထားပြီး ထိုရေများကို ခွဲခြမ်းစိတ်ဖြာရာတွင် ၉၇ ရာခိုင်နှုန်းသည် ရေငန်များ (ပင်လယ်ရေငန်) ဖြစ်ပြီး ကျန် ၃ ရာခိုင်နှုန်းခန့်က ရေချိုဖြစ်သည်ဟု ရေသယံဇာတစိစစ်ရေးအဖွဲ့က ပြောသည်။ကမ္ဘာပေါ်ရှိ ရေချိုသယံဇာတအားလုံး၏ ၆ဝ ရာခိုင်နှုန်းကျော်သည် တောင်တန်းများမှရရှိပြီး ထိုတောင်တန်းများသည် ကမ္ဘာ့ရေချိုသယံဇာတများ၏ ၉ဝ ရာခိုင်နှုန်းကျော်ခန့်ကို ထိန်းသိမ်းထားသဖြင့် ကမ္ဘာပေါ်ရှိ မြစ်ချောင်းများအားလုံးနီးပါးသည် တောင်တန်းဒေသများမှ စတင်ဖြစ်ပေါ်စီးဆင်းလာ ခြင်းဖြစ်သည်။
ဟိမဝန္တာတောင်တန်းများမှ ရေချိုအရင်း အမြစ်များသည် အာရှတိုက်ရှိ ကြီးမားရှည်လျားသော မြစ်ကြီး ၁ဝ ခုထဲသို့ စီးဆင်းနေပြီး ရေချိုလက်ခံရရှိသော မြစ်ကြီးများမှာ အမုဒြာရာမြစ်၊ ဘရာမာပူတွာမြစ်၊ ဂင်္ဂါမြစ်၊ အိန္ဒုမြစ်၊ ဧရာဝတီမြစ်၊ မဲခေါင်မြစ်၊ သံလွင်မြစ်၊ တာရင်(မ်)မြစ်၊ ရန်ကျဲမြစ်နှင့် မြစ်ဝါမြစ်တို့ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ရေပြဿနာ ဖြစ်ပေါ်နေသည့် မြစ်ကြီးရှစ်သွယ်ကိုလည်း ဤသို့မှတ်သားထားသည်။
ကော်လိုရာဒိုမြစ်
ကော်လိုရာဒိုမြစ်သည် ကမ္ဘာပေါ်ရှိ အသုံးဝင်သည့် ရေကြောင်းလမ်းတစ်ခုဖြစ်ပြီး လူဦးရေသန်းပေါင်း ၃ဝ ကျော်အတွက် ရေပေး ဝေနိုင်သည်။ မြစ်အရှည် ၁၄၅ဝ မိုင် (၂၃၃၃ ကီလိုမီတာ) ကျော်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းများအတွက် ရေအသုံးချမှုလွန်ကဲနေကာ အထူးသဖြင့် ရေကာတာများရှိနေခြင်းသည် ပြဿနာ၏ အရင်းအမြစ်ဖြစ်သည်။
အိန္ဒုမြစ်
ပါကစ္စတန်နိုင်ငံ၏ အဓိကရေချိုရရှိသည့်မြစ်ဖြစ်ပြီး လူဦးရေသန်း ၁ရဝ အတွက်အသုံးပြုလျက်ရှိသည်။ ရေပေးဝေနိုင်မှုပမာဏထက် ကျော်လွန်၍ သုံးစွဲမှုကို ခံနေရသည်။ယခုအခါ မြစ်ကြောင်းသည် ကျဉ်းမြောင်းသွားပြီး ရေ၏အရည်အသွေးမှာ ညံ့ဖျင်းသွားသည်။
အမုဒြာရာမြစ်
မြစ်အရှည် ၁၅ဝဝ မိုင် (၂၄၁၄ ကီလိုမီတာ)ရှိ အမုဒြာရာမြစ်ကို ၁၉၆ဝ ပြည့်နှစ်တွင် ဆိုဗီယက်(ယခုရုရှား)တို့က ရေတံခါးများပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့ပြင် ကြီးမားသောရေပေးဝေရေးအစုအဖွဲ့များပြုလုပ်ခြင်း၊ မိုင် ၂ဝဝဝဝ ကျော်ရှည်သည့် တူးမြောင်းများနှင့် ဆည် ၄၅ ခု၊ ရေလှောင်တမံ ၈ဝ ခုတည်ဆောက်ခြင်း၏ဒဏ်ကို ခံစားခဲ့ရသည်။
များစွာသော စိုက်ပျိုးရေးလုပ်ငန်းများကြောင့် မြစ်ရေနည်းပါးလာကာ ရေကန်အဆင့်သာသာ အဖြစ်သို့ ရောက်နေရပြီဖြစ်သည်။
ဆာဒရမြစ်
ထိုမြစ်သည် အမုဒြာရာမြစ်ထက် ကောင်းမွန်သော်လည်း ကြီးမားသော ရေကြောင်းပိတ်ဆို့မှုကြောင့် ရေထုညစ်ညမ်းခဲ့ရသည်။မြစ်သည် မိုင်ပေါင်း ၁၃၇၄ (၂၂၁၂ ကီလိုမီတာ) ရှိပြီး ဆည်တမံများဆောက်လုပ်၍ မြစ်ကြောင်းရေလွှဲခြင်းတို့ကြောင့် ရေညစ်ညမ်း
ရုံသာမက သောက်သုံးရန်ပင် မသင့်သော ရေဖြစ်ခဲ့ရသည်။ ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်းတွင်ပါ အသုံးပြုရန်မသင့်သော ရေဟုကာဂျစ္စတန် အသုံးချဂေဟဗေဒအေဂျင်စီမှ တာဝန်ရှိသူများက သတိပေးခဲ့သည်။
ရီယိုဂရင်းမြစ်
မြောက်အမေရိကတိုက်ရှိ အကြီးဆုံးမြစ်များ၌ ပါဝင်ပြီး ၁၈၈၅ မိုင် (၃ဝ၃၃ကီလိုမီတာ) စီးဆင်းလျက်ရှိသည်။ ကော်လိုရာဒို အနောက်တောင်ပိုင်းမှ မက္ကဆီကို ပင်လယ်ကွေ့သို့ စီးဝင်နေပြီး တက္ကဆက်ပြည်နယ်နှင့် မက္ကဆီကိုကို မြစ်ကြောင်းဖြင့် နယ်နိမိတ်ခြားထားသည်။ မြစ်ရေကို နှစ်နိုင်ငံက သုံးစွဲနေပြီး မြစ်ရေစီးမှုသည် ယခုအခါ ငါးပုံတစ်ပုံသာရှိသည်။
မြစ်ဝါမြစ်
တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြစ်ဖြစ်ပြီး ကမ္ဘာပေါ်၌ ဆဋ္ဌမ အရှည်ဆုံးမြစ်ဖြစ်ကာ ၃၃၉၅ မိုင် (၅၄၆၄ ကီလိုမီတာ) ရှည်လျားသည်။ တရုတ်ယဉ်ကျေးမှုသမိုင်း၏အစပျိုးရာဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများစွာ အတွက် အသုံးချခြင်းကြောင့် ၁၉၉၇ ခုနှစ်တွင် ရေစီးဆင်းမှုရပ်တန့်ခဲ့ကာ ရက်ပေါင်း၂၃ဝ ကြာရေစီးဆင်းမှု ပြတ်တောက်ခဲ့သည်။
မြစ်ရေများလည်း ညစ်ညမ်းလာပြီး ဆားဓာတ်များပါဝင်မှုကြောင့် ပြဿနာနှင့် တွေ့ကြုံနေရသော မြစ်ကြီးဖြစ်သွားခဲ့သည်။
တီးစ်တာမြစ်
အိန္ဒိယနိုင်ငံ စစ်ကင်းပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဗြဟ္မပုတ္တရမြစ်အထိ ၁၉၆ မိုင် (၃၁၅ ကီလိုမီတာ) ရှည်လျားစွာ စီးဆင်းနေပြီး မြစ်ကြောင်းသည် ဟိမဝန္တာနှင်းခဲပျော်ရည်များမှ အစပြု၍ သမိုင်းချိုင့်ဝှမ်းများသို့ ကွေ့ကောက်စီးဆင်းသွားသည်။
စစ်ကင်းပြည်နယ်၏ ဘဝလမ်းကြောင်းဟု ခေါ်ခဲ့ပြီး တခြားအသုံးချမှုများကြောင့် ရေကြောင်း ပိတ်ဆို့ခဲ့သည်။ ရေခွဲဝေခြင်းကြောင့် ခြောက်သွေ့မှုနှင့် တွေ့ကြုံနေရသည့်မြစ်ကြီးတွင် ဆည်တမံအစုအဖွဲ့များရှိခြင်း၊ ငါးဖမ်းလုပ်ငန်းများစွာရှိခြင်း၊ စိုက်ပျိုးရေးအတွက် အသုံးချမှုများပြားလျက်ရှိသည်။
မာရေးမြစ်
မာရေးမြစ်သည် သြစတြေးလျနိုင်ငံ၌ တည်ရှိပြီး နေထိုင်သူများပြားခြင်းနှင့် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေအသုံးပြုမှု များပြားခြင်းသည် ဖိအားဖြစ်နေသည်။ သြစတြေးလျအဲလ်ပဲတောင်တန်းမှ အစပြုကာ ကုန်းတွင်းပိုင်း လွင်ပြင်တစ်လျှောက် ဖြတ်သန်း၍ အိန္ဒိယ သမုဒ္ဒရာ အတွင်း စီးဝင်ခဲ့သည်။ မြစ်အရှည်မှာ ၁၄၇၆ မိုင် (၂၃၇၅ကီလိုမီတာ) ရှိသည်။ မာရေးချိုင့်ဝှမ်းသည် နိုင်ငံ့ရိက္ခာအိုးဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်မှုဇုန်လည်းဖြစ်ကာ ဆားဓာတ်ပိုမိုလာခြင်းက မာရေးမြစ်ကို ဒုက္ခပေးရန်ဖြစ်လာသည်။
ယနေ့ကမ္ဘာတွင် မှီတင်းနေထိုင်ကြသော လူသားများ၏ ရေချိုသုံးစွဲမှုသည် တိုးပွားလာသော လူဦးရေနှင့်အညီ သုံးစွဲမှုပမာဏမှာ လည်း များပြားလာသည်။ ထို့ကြောင့်ကမ္ဘာမြေအောက်ရေအောင်းလွှာများအထိရေရရှိရန် ကြိုးပမ်းရင်း ရေအလွန်အကျွံ ထုတ်ယူသုံးစွဲမှုများ ပြုလုပ်နေကြသည်။
တစ်နည်းအားဖြင့် လူသားအားလုံး ရေသယံဇာတအရင်းအမြစ်များကို အလွန်အကျွံ သုံးစွဲနေသည်ဟု ဆိုရမည်ဖြစ်သည်။ ရေသုံးစွဲမှု စည်းကမ်းအနားသတ်မရှိခြင်းကြောင့် ရေချိုအရင်းအမြစ်များ နည်းပါးလာရခြင်း ဖြစ်သည်ဟု ရေအရင်းအမြစ်သုတေသနပြု နေကြသူများက အတည်ပြုသည်။
လူသားများသည် မိမိတို့ အသက်ရှင် နေထိုင်မှု အတွက် မဖြစ်မနေ အရေးပါသော ရေချိုအရင်းအမြစ်များကို စနစ်တကျသုံးစွဲရန်နှင့် မည်ကဲ့သို့ ထိန်းသိမ်းကာကွယ်ကြရမည်ကို သတိပြုဆင်ခြင်သင့်သည်။
ရေသယံဇာတသည် လူတစ်ဦးချင်းစီနှင့် သက်ဆိုင်နေသောကြောင့် လူသားတိုင်းသည် မြေအောင်းရေကို ကိုယ်ပိုင်ပစ္စည်း၊ သဘာဝကပေးသော အမွေအနှစ်ဟုခံယူပြီး အလိုရှိသလောက် စည်းမဲ့ကမ်းမဲ့သုံးစွဲနေမှုများကို ရပ်တန့်သင့်ပြီဖြစ်သည်။
တစ်နည်းအားဖြင့် အလကားရသည့်အရာဟူသောစိတ်ဖြင့် အလေးမထားဘဲ ဖြုန်းတီးနေကြမည်ဆိုလျှင် ကြာသော် လူသားအားလုံး အတွက် ထိခိုက်လာမည်ဖြစ်သည်။ မြေ အောက်ရေသည် မြေကြီးပေါ်ပြန်ရောက်လာသည်ဟု ခပ်ပေါ့ပေါ့တွေးကြသူများ မသိ သေးသည်မှာ မိမိတို့ သုံးစွဲပြီး သွန်ခဲ့သော ရေသည် မြေကြီးက အကုန်မစုပ်ယူနိုင်မီ အပူရှိန်ကြောင့် အငွေ့ပျံတက်သွားသည်ကို မသိကြ၍သာ မဆင်ခြင်ကြခြင်းဖြစ် သည်။
ယနေ့အချိန်သည် နိုင်ငံတိုင်း၌ ရေချိုပြဿနာအတွက် အဖြေကောင်းရရန် ရှာဖွေနေကြပြီဖြစ်သည်။ ရေရှားပါးမှုဖြစ်ရပ်နှင့်ကြုံဆုံရမှုများကလည်း နှစ်စဉ် ပိုသည်ထက် ပိုလာပြီဖြစ်၏။ ထို့ကြောင့် ရေချိုအရင်းအမြစ် များအား ထိန်းသိမ်း ကာကွယ်ခြင်း ပြုနိုင်ရန် အခြေခံမှစ၍ ဆန်းစစ်နေကြပြီဖြစ်သည်။ရေရှားပါးမှုဖြစ်ရပ်များကို လျှော့ချနိုင်ရန် ပေးဝေသည့်ရေနှင့် အသုံးပြုနေသည့် ရေပမာဏကိုက်ညီရန် လိုအပ်ကြောင်း တွေ့ရှိ နေပြီဖြစ်၍ ရေသယံဇာတ ထိန်းသိမ်းရေးနည်းလမ်းများကို ရှာဖွေဖော်ထုတ်ရန် လိုအပ်ကြောင်း အတည်ပြုခြင်းဖြင့် သတိ ပေးလျက်ရှိသည်။
ယခုအခါ တောင်တန်းရေဝေရေလဲဒေသ များရှိ သစ်ပင်သစ်တောများ ပြုန်းတီး၍ ကမ္ဘာ့နေရာအနှံ့အပြား၌ ရေကြီးမှုနှင့် မိုးခေါင်မှုဖြစ်စဉ်များ တိုးပြီး ဖြစ်လာသည် မှာ ရေသယံဇာတလှည့်ပတ်နိုင်မှု အင်အားနည်းပါးခြင်းကြောင့်ဖြစ်သည်။
ရေသယံဇာတကို ထိန်းသိမ်းရာတွင်ရေဝေရေလဲဒေသများ၌ ရောနှောစိုက်ခင်းများ တည်ထောင်ပေးရန် လိုအပ်သည်။
ရေထုညစ်ညမ်းမှုများ လျော့နည်းလာစေရန် စက်ရုံများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ၊ အလုပ်ရုံများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများ ရေဆိုးများကိုလည်း စနစ်တကျ စွန့်ပစ်ရန် သတိပြုကြရမည်ဖြစ်သည်။ အကယ်၍ ပြုမြဲတိုင်းပင် ဆင်ခြင်မှုမရှိပါက တန်ပြန်မှုသည်
ဆိုးရွားစွာခံစားရမည်ဖြစ်၍ ရေအရင်း အမြစ် စီမံခန့်ခွဲရေးအတွက် နိုင်ငံတိုင်း စနစ်တကျလုပ်ဆောင်ရန် လိုအပ်လျက်ရှိ သည်။
ကမ္ဘာပေါ်၌ လူဦးရေများလာပြီး သုံးစွဲနေသည့် ရေမှာလည်း တစ်နေ့တခြားရှားပါးလာကာ မြေအောက်ရေသယံဇာတလည်း ခန်းခြောက်လာပြီဖြစ်သည်။ ထို့ပြင် မိုးခေါင်ရေရှားမှုများလည်း ပိုမို၍ စိပ်လာသောကြောင့် ၂ဝ၂၅ ခုနှစ်တွင် ကမ္ဘာပေါ်ရှိ လူသုံးဦးထဲက လူနှစ်ဦးသည် ရေမရရှိဘဲ ရေငတ်ခြင်းပြဿနာနှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
ရေသည် သက်ရှိများအတွက် အလွန်အရေးပါသကဲ့သို့ သစ်ပင်သစ်တော စိုက်ပျိုးသီးနှံများအတွက်လည်း မရှိမဖြစ်လိုအပ်သောကြောင့် ရေသယံဇာတပျက်စီးမှုကို သတိပြုကြရန် လိုအပ်နေပြီဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
မြမဥ္ဇူဝေ(ကျုံမငေး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment